ကျွန်တော်ဘာကြောင့် ဧည့်သည်တွေကို ထားဝယ်မြို့ရှိ ရှေးဟောင်းအိမ်တွေကို လိုက်ပြတာလဲ 🏆ပထမဆုံးအနေနှင့် 1877 မှ ယနေ့ ခေတ် အထိ ပြောင်းလဲလာတဲ့ အိမ်ဆောက်မှုပုံစံတွေကို လေ့လာစေချင်လို့ပါ၊ ထားဝယ် အိမ်အများစုကို ပေါကြွယ်လှတဲ့ သစ်သားများကိုအဓိက အသုံးပြုဆောက်ခဲ့ကြပါတယ်၊ မိုးများတဲ့ ဒေသမို့ ရာသီဥတုနှင့်သင့်လျော်သော အမိုးပုံစံများကိုအသုံးပြုကြပါတယ်၊ အများအားဖြင့် ထားဝယ် ရိုးရာအိမ်တွေရဲ့ အမိုးပုံစံများကိုပဲ မှီငြိမ်းကြပါတယ်။ အရင်က ဒေသထွက် ဓနိဖက်အမိုးအသုံးများပေမယ့်၊ ကိုလိုနီခေတ် အိမ်ကြီးအိမ်ကောင်းတွေမှာတော့ အုပ်ကြွတ်သို့မဟုတ် ကျွန်းပြားငယ်များကို မိုးကြတယ်။ ယနေ့ ခေတ် အမိုးများကတော့ သွတ်ပြားများသာဖြစ်လာကြပါတယ်။ ထားဝယ် ရိုးရာအိမ်အမိုးပုံစံဟာ တစ်ဖက်ယပ် ငှက်ကြီးတောင်ပုံဖြစ်တယ်၊ မိုးရာသီ လေလာရာဘက်ကို အယပ်ကြီးချထားတဲ့ပုံစံမျိုးပါ။ တခြားတစ်ဖက်မှာတော့ နွေရာသီလေလာရာဘက်ဆီ ပြတင်းတံခါးများ၊ လေဝင်ပေါက်များတပ်ဆင်တည်ဆောက်ကြပါသည်။ ထားဝယ် ရိုးရာအိမ်တွေရဲ့ ပုံစံက အပြင်ဘက်က ကြည့်ရင် တစ်ထပ်လို့ ထင်ရပေမယ့်၊ အတွင်းဖက်တွင် ထပ်ခိုးလေးပါ တပ်ဆင်တည်ဆောက်ပါတယ် ထပ်ခိုးရဲ့ အောက်တွင် အိပ်ခန်းတစ်ခန်းပါလေ့ရှိတယ်။ ထိုအခန်းသည် ထိုအိမ်နေ ထားဝယ်သူ လုံမေတို့အတွက်ဖြစ်ပါသည်။ အစ်ကိုတို့က အပေါ်ထပ် ထပ်ခိုးနှင့် အဖေ အမေတို့က အိပ်ခန်းအပြင်ဘက်တွင် အိပ်စက်ကြတယ်။ ထမင်းစားခန်းသီးသန့်ပါတယ်။ မီးဖိုခန်းကိုတော့ အိမ်အနောက်ဖက်မှာ အမိုးမြင့်မြင့်နှင့် အိမ်မကြီးဖက် မီခိုးပြန်မဝင်အောင်ဆောက်ထားပါတယ်၊ ဘာကြောင့်လည်းဆိုတော့ ထင်းလောင်စာသုံးမို့ပါ။ ယနေ့မှာတော့ ထင်းအစား မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံးမီးဖို ပြောင်းလဲလာကြတယ်။ ရေအသုံးပြုတဲ့ ရေကပြင်ကို အပြင်ဖက်တွင် သီးသန့်ထားတယ်။ ရှေးဘုရင်ခေတ်ကတော့ အုပ်ချုပ်သူမြို့စားနှင့် ဘုန်တော်ကြီးကျောင်းများသာ ဘုံဆင့်ပါ နန်းတွင်းပုံအဆောက်အဦး အဆောင်အယောင်နှင့်နေကြတယ်။ ကိုလိုနီခေတ် မှာတော့ ထားဝယ် အုပ်ချုပ်သူတို့နေထိုင်ရာ အိမ်တော်ရာပုံများကို အနောက်တိုင်းနှင့်တရုတ်ပုံစံ ရောနှောသော ပုံစံများအဖြစ် ပုံစံပြောင်းလဲလာခဲ့တယ်။ ထိုထိုအိမ်တွေမှာ အသုံးပြုတဲ့ ပစွည်းတွေကလည်း အင်္ဂလန် ပီနံ စသဖြင့် နိုင်ငံပြင်ဘက်က ဝင်လာသော ပစွည်းများပါသုံးလာကြတယ်။ သံပန်းနှင့်အိပ်ကြွတ်တစ်ချို့ဆိုလျှင် စကော့တလန် ကာဝီရွာထွက်တွေဖြစ်နေတာ တွေ့ခဲ့ရတယ်။ နှစ်ထပ်အိမ်ကြီးများဖြစ်တယ်။ အစောဆုံးဆောက်ခဲ့တဲ့အိမ်တွေထဲက 1877မှာဆောက်ခဲ့တဲ့ မစ္စတာမော်ရိုးရဲ့အိမ်ကို ယနေ့တိုင် သွားရောက်လေ့လာနိုင်သေးတယ်။ စစ်ပြီးခေတ် အထူးသဖြင့် 1950 ပတ်ဝန်းကျင်ခန့်တွင် ထားဝယ်မြို့နေတို့ အိမ်သစ်များအများအပြားဆောက်ခဲ့ကြတယ်။ #SamthemanDawei #TravelTanintharyi #MyanmarBeEnchanted (at Dawei) https://www.instagram.com/p/CBkElgGjYtR/?igshid=191kd1niss4o6












